Thursday, January 20, 2011

သံလွင်သူရဲကောင်း (ဒေါင်းနီ)


သံလွင်သူရဲကောင်း
(ဒေါင်းနီ)

ရုတ်တရက် ဒေါင်းတွန်သံ ဆွံ့ အ

ကျန်ရစ်သူ ပုလဲခ ကြွေကျရှာပေါ့။

သြော်-မြေခစရာ အရွေးမှားလေရော့လား။

ရဲဘော်ဟာ ဖြစ်တည်ရာအရပ်

လူထုအာရုံ ရင်ဝယ်ခြုံလွှမ်း

ကြယ်စင်လမ်းမှာ အလံလွှင့်နေရော့သလား။

သင်ဟာ နှုတ်မဆက် လက်မပြ ဘ၀တွေရဲ့

ဖြစ်ပျက်နဲ့ မလွဲသာတဲ့နိဂုံး

ဂုဏ်သိက္ခာရှိစွာ သံလွင်ကမ်းပေါ် ဖြန့်ကြဲခဲ့ရော့သလား။ ။


ဒေါင်းနီ

01/19/2011ရက်နေ့တွင်တိုင်းပြည်အတွက်သူရဲကောင်းပီသစွာကျဆုံးသွားသော

ရဲဘော်သော်ဇင်(သို့)ရဲဘော်သန်းလွင်အား အမှတ်တရ။
----------------------

ရဲဘော် သန်းလွင် (ခေါ်) သော်ဇင် (အသက်၄၄နှစ်) ၏ ကိုယ်ရေးအကျဉ်း

(ကိုယ်ပိုင်အမှတ် ၃၃၅၄)။

ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။

(၈ ဒီဇင်ဘာ ၁၉၆၇ - ၁၉ ဇန်နဝါရီ ၂၀၁၁)။

ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖခင် ဦးရွှေထွန်း၊ မိခင် ဒေါ်တင်မေ တို့မှ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် ဒုတိယမြောက်သား ဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ၌ မော်လမြိုင်တက္ကသိုလ်တွင် ဒုတိယနှစ် (ဘူမိဗေဒအဓိက) တက်ရောက်နေဆဲ ဖြစ်သည်။ အရေးတော်ပုံကာလအတွင်း ကျိုက်ထိုမြို့နယ် သပိတ်ကော်မတီ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ (ကျိုက်ထိုမြို့နယ်ကိုယ်စားလှယ်)၊ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (SDF) ၏ စည်းကမ်းထိမ်းသိမ်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းသည့်နေ့တွင်ပင် လက်နက်ကိုင်တော်လှန်ရေးအတွက် ကရင်ပြည်နယ် သေ့ဘောဘိုးသို့ ထွက်ခွာလာခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များအတွင်း မကဒတ (ကျောင်းသားတပ်မတော်)၊ သေ့ဘောဘိုးစခန်းတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး ၁၉၈၉-၉၁ ကာလများအတွင်း မကဒတ၊ ကျောင်းသားတပ်မတော်၊ အမှတ် ၂၀၄/၂၀၅ ပူးတွဲစစ်ကြောင်း၌ ဆေးမှူးတာဝန်ဖြင့် ကရင်အမျိုးသားအစည်း အရုံး တပ်မဟာ (၆) နယ်မြေအတွင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မာနယ်ပလော ခံစစ်တွင် နော်တ စစ်မျက်နှာပြင်တွင်လည်းကောင်း၊ ၁၉၉၂-၉၃ ခုနှစ်များအတွင်း မယ်ညောခီး စစ်မျက်နှာပြင်တွင် လည်းကောင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အလယ်ပိုင်းဒေသ အထူးအလုပ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ အလယ်ပိုင်းဒေသတွင် မတင်တင်နွယ်နှင့် အိမ်ထောင်ကျသည်။

၁၉၉၆ ခုနှစ် မကဒတ ပေါင်းစည်းရေးညီလာခံတွင် အမှတ် (၆) နယ်မြေ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အခြေစိုက် အမှတ် ၈ တပ်ရင်း တွင် ပြန်လည် တာဝန်ထမ်းဆောင်သည်။

၁၉၉၉ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်တွင် ဒုတိယ စစ်ရေးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယတန်း (စစ်ရေး) အဖြစ် တာဝန်ပေးအပ် ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ဗဟိုစစ်ကော်မရှင်၏ ရုံးအဖွဲ့မှူးတာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းကာလအတွင်း ၁၉၈၈ မှ ၂၀၀၆ ခုနှစ် ကာလများအတွင်း ကျောင်းသားတပ်မတော် ၏ ထိခိုက်ဒဏ်ရာ၊ ကျဆုံး၊ သေဆုံး စာရင်းများ ထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် သြဂုတ်လ တွင် မကဒတ အဋ္ဌမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဋ္ဌမအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဗဟိုဘဏ္ဍာရေးဌာန တာဝန်ခံ အပြင် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် မကဒတ နဝမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၂ နာရီ တွင် ဦးနှောက် သွေးကြောပြတ်၍ အသက်၄၄နှစ်တွင် ကျဆုံးသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်နွယ် နှင့် ရင်သွေးများဖြစ်သော သမီး ယမုံသော်၊ သား ဝသုန်သော် နှင့် သမီး နဒီသော် တို့ ကျန်ရစ်ခဲ့သည်။

Saturday, January 1, 2011

"ဆုတောင်း”-(ဒေါင်းနီ)-

 "ဆုတောင်း”-(ဒေါင်းနီ)-

အဟောင်းထဲက
အကောင်းတွေ
အသစ်မှာပေါင်း
ငြိမ်းချမ်းတဲ့ အပြောင်းအလဲ
ဝိုင်းစုလောင်းထူမ
ခုနှစ်များစွာ တသသ
တောင်းတခဲ့ ပြည်သူ့ ဆန္ဒတွေ
နှစ်သစ်မင်္ဂလာမှာ
လောကပါလတရားနှင့် မွေးဖွားစေ၊။။။။

(ဒေါင်းနီ)
၀၁.၀၁.၂၀၁၁
(ဒီဇိုင်းပန်းချီ=ဒေါင်းနီ)

Saturday, September 18, 2010

"အာဇာနည်” (ဒေါင်းနီ)

"အာဇာနည်”
(ဒေါင်းနီ)

နှစ်များစွာ နေ့ ည မပြတ် တုန့် ပြန်
တောက်ခေါက်သံ လျှံဝေနေတဲ့
လူထုရင်ထဲ တိုးလျှိုး ၀င်ကြည့်စမ်းပ ။

သောကသင့် နှလုံးသားနံရံမှာ
ဖျောက် မပျောက်။
ဖျက် မပျက်။
ဖယ် မပြယ်။
ချေ မကြေ။
ခြောက် မကြောက်။

ကျည်ဆံမိုးပေါက် ဒလစပ်အောက်
လွတ်လပ်ရေးဖခင် ရုပ်လွှာ
မြေမကျအောင် ရဲရဲမြှောက် မ။

ရင်အုံနဲ့ ပေါင် ကျည်တိုးခ။

သွေးပွက်စက်စက် လမ်းမထက်မှာ
နောက်မဆုတ် အသေခံ
အာဏာရှင်ကို အာခံရဲသူ
ကျောင်းသူလေး အမည်နာမ
ထာဝရ ၀င်းပ
တည်တံ့ ထင်ရစ်မြဲပ။ ။

(ဒေါင်းနီ)
၀၉-၁၅-၁၀


(စစ်အာဏာရှင်ကို လက်နက်မဲ့ အာခံ ဆန့် ကျင် တိုက်ပွဲဝင်ရင်း (၀၉-၁၉-၁၉၈၈) နေ့ တွင်
သက် စွန့်ပေးဆပ်ခဲ့သော အဌမတန်း ကျောင်းသူလေး မ၀င်းမော်ဦး
(၂၂)နှစ်မြောက် နှစ်ပတ်လည် ဂုဏ်ပြု အမှတ်တရ ။)












ဒီဇိုင်း ပန်းချီ ဒေါင်းနီ။


Thursday, August 5, 2010

"ထာဝရ ရှစ်ဆယ့်ရှစ်" (ဒေါင်းနီ)


"ထာဝရ ရှစ်ဆယ့်ရှစ်"(ဒေါင်းနီ)

အဓိပတိ ရှစ်ဆယ့်ရှစ်ရေ ---
သင်ဟာ -
ရာဇ၀င်သက္ကရာဇ်မှာ တစ်ကြိမ်သာ လင်းလက်ပွင့်ဝေ
ရဲရင့် စွန့် လွှတ်ခြင်းတွေ ထာဝရ မွှေးပျံ့ နေ။

သင်ဟာ -
ဖိနှိပ်အုပ်စိုးသူတွေ ဦးခေါင်းကို နင်းချေဖြိုချ
စံပြသူရဲကောင်း အာဇာနည်ပေါင်းများစွာ မွေးခဲ့။

သင်ဟာ -
နေ့ တဓူဝ တစ်ရံမလပ် နှိုးဆွ သွန်းလောင်း
ငါတို့ ရဲ့  -
သင်းကွဲအာရုံအပေါင်းကို စီးနင်းဒုန်းစိုင်း
ပုန်ကန်တော်လှန်ခြင်း မျိုးစေ့ ဝေစိုက်ခဲ့။

သင့်ရဲ့  အမည်နာမတော်ဟာ -
ခဏ အသက်တာမှာ အပုတ်နံ့ ဟောင်ထနေတဲ့
ပဉ္စမံနဲ့  ဒေါက်တိုင်တွေကို သွက်သွက်ခါ ကိုင်လှုပ်
ဆွေစဉ်မျိုးဆက် အိပ်မက်ဆိုးတွေနဲ့  သွေးပျက်စေခဲ့။

သင့်ကို -
ခုတုံးလုပ် အမြတ်ထုတ်တဲ့ လောက်ကောင်တွေကို
နေရာအနှံ့  တရားစီရင် တစ်လွှာခြင်း ခွာချ အရေဆုတ်
လမ်းပေါ်ပြခင်း ပြည်သူအပေါင်း နင်းချေ ကခုန်ကြစေ။

အိုဘယ့် ရှစ်ဆယ့်ရှစ် -
သင့်ရဲ့  ခန္ဓာတွင်းက တသွင်သွင် စီးဆင်းလျှံကျ
ကြုံးဝါး တောက်ခေါက်သံတွေ ဟီးထလှိုင်ကြွ
မြို့ ပြ ကျေးလက် မကျန် စုစည်း ရှင်ပြန်ထစေခဲ့။

သင်ဟာ -
အဖိနှိပ်ခံတို့ ရဲ့ ဂန္ထ၀င် ရဲဘော်ကောင်းကြီး
မျိုးဆက်သစ် လျောင်းလျာတို့ ရဲ့  လမ်းပြသခင်
မကျွတ်မလွတ် ကြယ်တွေရဲ့ အလင်းရှင်ဖြစ်ခဲ့။

သင်ဟာ -
အာဃာတဖြေ စစ်ကျွန်ခံတေး လုံးဝမသီ
အတွေးအခေါ် အညံ့ခံ လုပ်ဟန်ဖောက်ပြန်တာမရှိ
ကိုယ့်ရဲဘော်ကိုယ် ထိုးကြွေး ချန်ပြေးတာ မရှိ
ရင်ကိုဖွင့်ကာ ကျောကိုလမ်းခင်း တံတားထိုး
လက်ညှိုးမိုးပေါက် မျက်လုံးမီး ဒေါက်ထောင့်ဒဏ်
အပေါ်အောက် ရပ်ရှစ်မျက်နှာ မဲ့ရွဲ့ခနဲ့ ရိသံ ကြံ့ကြံ့ခံ
မြေကိုလှန် ရေကိုဆန် အာကာယံ ထိုးဖောက်တက်ခဲ့။

၂၂တဲ့လား.....
ဝိညာဉ်တော်အပေါင်းရေ------
အသစ်တွေတိုး အဟောင်းထဲက
အကောင်းတွေ ရွေးစီစစ်
တရစ်ရစ်နဲ့  တဖြစ်ဖြစ်
တငွေ့ ငွေ့ ကျွမ်းလောင် ဆင့်ကာပေါက်ကွဲ
နင်းပြားတွေ ရင်ထဲက တားမရတဲ့
ဆန္ဒသောက မီးတောင်ရှင်တွေ။

၂၂ နှစ်ရောက်ပြန်ပြီ။ ကိုဖုန်းမော်ရေ---
အပြန်လမ်း ထမ်းပိုးသယ်လာတဲ့
နှောင်ကြိုးမဲ့ တိုက်ငှက်ကောင်းတွေ
နုပျိုလှပမှုတွေ ကျွတ်ကြွေလွင့်ထွက်
ရင့်ကျက် တည်ငြိမ်မှုတွေ ဖွံ့ ဖြိုးတိုးဆက်
ဇာတ်သိမ်းခန်း ပီတိပန်းတွေ လင်းလက်စေ။

နှစ်ဆယ့်နှစ်နှစ်တဲ့ - မ၀င်းမော်ဦးရေ ---
ရင်တွင်းဒိုင်ယာရီ တစ်မျက်နှာချင်းဖတ်ဖြေ
မကြေ မပြေ မရှုံး အလံမလဲသေးဘူး။

၈၈ရေ-
သင်ဟာ -
ဒဏ်ရာ ဗလပွဝတ်ရုံနဲ့  ရှင်သန်ခြင်းအလံကိုင်
သိက္ခာတော်ရ အောင်ခြင်းမင်္ဂလာ နံနက်ခင်း
သစ္စာလက်တွေကို ဖေးမ တွဲကိုင်ချီတက်

ရန် ငါ ရိတ်သိမ်းပွဲတော် ကျင်းပရမှာကို
တိုင်းပြည်ဆန္ဒတည်သရွေ့  စွဲမြဲယုံကြည်ထားတယ်၊။။။။။။။

(ဒေါင်းနီ)
၀၈-၀၁-၂၀၁၀

Friday, July 16, 2010

" ၆၃ ကို တိုင်တည်ခြင်း" (ဒေါင်းနီ)



" ၆၃ ကို တိုင်တည်ခြင်း"
(ဒေါင်းနီ)


ကြာနေပြီ ---
ဥသြဆွဲသံ ...မေလှမြိုင်လွမ်းချင်း..
တိတ်ဆိတ် ခြောက်ကပ်။
မကောင်းဆိုးဝါး ခေတ်မှာ ---
အာဇာနည်ပုံရိပ်ပင် မမြင်
ဦးညွှတ်ဂါရ၀ မပြုရ။
ခံစားမှု စာမျက်နှာ ပြန်ဖတ် ---
အတိတ်ဟာ စိတ်နာစရာ မကျေနပ်ချက် အပြည့်။

ဒီအချိန် စစ်ကျွန်ဘ၀ ရလိုသူများ -
သိက္ခာသုတ်သင်ပွဲ
အိုးမဲအပြန်အလှန်လူး
လုဝင်နေ။

မျိုးဆက်ပွင့်သစ် ---
အနာဂတ်တွေ လှပဖို့ 
အာရုံဖြစ်သမျှ ဘယ်တော့မှ မမေ့ မပြေ
ရင်ဆိုင် ပုန်ကန်မြဲဟေ့ ၊ ၊

ကဗျာနှင့်ပန်းချီဒီဇိုင်း (ဒေါင်းနီ)
၀၇ - ၁၆ - ၂၀၁၀

Tuesday, July 6, 2010

“ သမဂ္ဂ အိပ်မက်ကျိန်စာ” (ဒေါင်းနီ)


“ သမဂ္ဂ အိပ်မက်ကျိန်စာ”
(ဒေါင်းနီ)

ဆူညံပေါက်ကွဲ ညီးတွားကျိန်းဝါးသံ လျှံတဲ့ နေ့ လည် အာဂအိပ်မက်
ဝါ၀ါရွှေသွေး ဂုဏ်သိက္ခာကြီးမြတ်တင့်တယ်မှု အခါသမယ
စိမ်းရွက်ပျိုတွေ လေရိုင်းခလို့  တ၀ုန်းဝုန်းကြွေ
နီနီရဲရဲဖူးသစ်တွေက ပြန်အာခံရင်း တဝေေ၀ မွှေးပွင့်
အိုးဝေတေးသံ မိုးလုံးလျှံ နောင်တော်အပေါင်း နိုးထကြ။

ပြိုကျကာလ ကြာရှည် နာကျည်းမှု ဝေဒနာတွေ
စုစည်းရင့်လာ မာသထက် ကျစ်လစ်ခိုင်တင်း
လင်းလက်စူးရှ အချုပ်အမှောင် ထွင်းဖေါက်ကြ။

ဒီမှာ--
စစ်ဖိနပ် တစ်ချက်ပေါက်တိုင်း
ပြည်သူ့ ရင်ပြင် မီးဟုန်းဟုန်းထတောက်
လူထု ကျောင်းသား ထောင် သေခြင်းတရား မှောက်လှန်နေ။


အတိတ် ဗားကရာချောက်ရင်ခွင်မှ
ဒီနေ့  ကမ္ဘာ့ရိုးမကျောထက်ထိ
ဒဏ်ရာ အမာရွတ်ဗလပွ အရေပြား အလံလုပ်
အရိုးတံပိုးတွန်သံ ဆက်ခါမှုတ်
ရာဇ၀င်သွေးစာရင်းကျိန်စာ သံပြိုင်သီကြူးကြ။

ဒီ ကာလ---

အမြင်အကြား ရင်စကားများ သန္ဓေတည်စပင် ထိန်းချုပ်ပိတ်လှန့် ခံရ
ဝင်သက်ထွက်သက်တိုင်း နာကျင်မှုလှိုင်း တနင့်နင့်တိုး
ယုံကြည်မှုဝိညာဉ်တွေနဲ့  ချီတက်မှုအဆုံး ရဲရင့်အောင်မြင်ခြင်းများ
သောင်တင်နေတဲ့ ဖြစ်သင့်တာတွေ တွန်းကန်မျှောချ
ကဒေါင်းအိပ်မက်တွေ မျှော်လင့်တမ်းတမှုအပြည့် နဲ့ 
အမေ့အိမ်ဂေဟာ တံခါးဝ သပြေညိုတွေနဲ့ ဝေနေစေ။

ဒီ ၀သုန်မြေလွှာ---
အိမ်တိုင်း မေတ္တာရှင် အမေရှိတယ်
အမေတိုင်း အမှန်တရားချစ်တဲ့ ကျောင်းသားရှိတယ်
ကျောင်းသားတိုင်းမှာ ရဲရင့်ဖြူစင်တဲ့ အတွေးအခေါ်ရှိတယ်။

အတွေးအခေါ်တိုင်းမှာ ဦးညွတ်စံထားတဲ့ သမဂ္ဂရှိတယ်
သမဂ္ဂတိုင်းမှာ တောက်ပတဲ့ သွေးမှော်ကွန်းရှိတယ်။

စီးဆင်းသွေးရဲ့  ဂုဏ်ရောင်ပြောင်မှု အလီလီကို
ဖြန့် ခင်းချယ်သရင် ကမ္ဘာကုန်ကျယ်သရွေ့  နီမြန်းခနေမယ်။

ဒီ ကျောင်းသားသမိုင်းမှာ---
အာဇာနည်သူရဲကောင်းများ သွန်းလောင်းမွေးဖွား
သခင်စိတ်နဲ့  ယူနီဗာစီတီ သပိတ်
အောင်ကျော်။ရာကျော်။ရာပြည့် အရိပ်
အဓမ္မလုပ်ကြံခံရတဲ့ သမဂ္ဂ။

ဦးသန့် ဈာပန
ရှစ်လေးလုံး ကာလ
ကိုးဆယ့်ခြောက်ညနေ
စစ်မိစ္ဆာနဲ့ ကျောင်းသားသူပုန် ရင်ဆိုင်အလံလု
အဓိပတိနဲ့  ဘွဲ့ နှင်းသဘင် အပူမီးခ မျက်ရည်ကျ
ကံ့ ကော်နဲ့ရေတမာ သောကဒေါသ ပွင့်ဝေကြ။


သထုံနဲ့ သဟာယ ရာဇ၀င်ကြွေးပြန်တူးဆွ
ပြာပုံထဲက အငြှိုးမာန သက်ဝင်ရုန်းထ
ခွပ်ဒေါင်းမှန်သမျှ တက်လက်ညီစွာ
စစ်အရေခွံတွေ ခွပ်ခွာချွတ်ချေ စီရင်ချက်ချကြ။

ဒီ သစ္စာခရီးကြမ်းရှည်လမ်းထဲ---
တချို့  မြို့ ကန္တာရထဲ နှစ်မြုပ်ပျောက်ကွယ်
တချို စုံမြိုင်ဂနိုင်ရိုင်းထဲ ကြွေလွင့်ကျိုးကျေ
တချို့  အလင်းမဲ့ နံရံထဲ ပိတ်လှောင်ပျက်စီး
တချို့ လေလွင့် လွင်ပြင်ထဲ ဝေးကွာစီးမျော
တချိ့  ဘ၀အာရုဏ် အာဃာတနဲ့ မျက်နှာသစ် တောက်ခေါက်
တချို့  ရင်ခုန်သံ ကောက်သင်းကောက် တွဲသီကာ
ကာလ ရာသီ တရံမလပ် သင်ပုန်းမကြေ မပြေမောဟ
နံရံထက်က သွေးနဲ့ ရေးတဲ့ မမေ့ကြေး- ချီမ -တစ်သားတည်းကပ်
မရပ်မနား ဥဒါန်းမကြေ သမဂ္ဂတေးနဲ့  ကမ်းဆင့် လှမ်းတက်လာနေကြ၊ ၊

ဒေါင်းနီ
၀၇-၀၃-၂၀၁၀
ဆဲဗင်းဂျူလိုင် အမှတ်တရ တမ်းတမှု

(မှတ်ချက် )၊။ ၊ ။
ရာသီစာ ကြွေးကြော်သံရေးဖွဲ့ မှုမဟုတ်။
သဲတပွင့်မျှ ပေးဆပ် အလုပ်ကျွေးပြုခြင်းဖြစ်သည်။

Tuesday, June 15, 2010

ကမ္ဘာ့ အန္တိမ မိခင် (ဒေါင်းနီ)


ကမ္ဘာ့ အန္တိမ မိခင်




နည်းပညာတွေ သည်းသည်းလှုပ်ခါ
ကံကောင်းခြင်းတွေ အကြိမ်ကြိမ်လွဲချော်
စွန့် လွှတ်ပေးဆပ်မှုတွေ အခါခါကြွေ
ဟော့ဒီ သတ္တလောကမှာ အမှန်တရားကြောင့်
ပုခက်လွှဲသော မေတ္တာလက်
ဘဒ္ဒကမ္ဘာကို အုံကြွနိုးထအောင်
စဉ်ဆက်မပြတ် ကိုင်လှုပ်ပြတယ်---။

အမေ့အမည် သတ္တိ ကြားရုံမျှ
ဝေနာယျာ အပေါင်း
လေးစား စာနာ အားပေးကြ
အကောင်းဆုံး ဂုဏ်ဘွဲ့ ထူးတွေချီးမြှင့်ကြ
ပန်းတဝေေ၀နဲ့  လွတ်လမ်းရစေ ဆုတောင်းကြ---။

အမေ အမေ ဒေါ်အောင်ဆန်းစုကြည်
သာမန်အတွေးအခေါ်နဲ့ မိန်းမသားမဟုတ်
အစဉ်အလာအရ တော်လှန်မျိုးဂုဏ်ကြီးမြတ်
အမိမြေနဲ့ ပြည်သူကို
ဦဆွေးဆံမြည့် အလုပ်အကျွေးပြု
ဘေးရန်ကပ်ဆိုး အမျိုးမျိုး မောင်းထုတ်ဖို့ 
ဘ၀ပုံအပ် ခေါင်းဆောင်ကောင်းသမိုင်း ရေးထွင်းနိုင်သူ။

ပြန်ပြီး စစ်ရင် အရင်းအနှစ်မှာ---
အဘီက နေမ၀င် အင်ပါယာလှိုင်းကို
မြင်းတစ်စီး ဓါးတစ်လက်နဲ့ ထိုးဖောက်
ပုန်ကန် အာခံ
သူ့ ကျွန်မခံတဲ့
ခေါင်းဖြတ်သာ ခံခဲ့သူ။

အဖေက နယ်ချဲ့ နဲ့ ဖက်ဆစ်ဝါဒရိုင်းကို
သွေးသောက်သုံးကျိပ် စ ဗဟိုပြုဖြိုကြ
ရရင်ရ မရရင်ချတဲ့
အာဇာနည်းသွေးခင်းပြခဲ့သူ။

အမေက ဂရုဏာရှင် သံအမတ်
ချစ်ကြည်ရေးလမ်း ထုဆစ်ကာတည်ဆောက်

သီရီသုဓမ္မာနဲ့  ဆင်ဖြုတော်ဘွဲ့ အပ်ခံ

စစ်အာဏာရှင်ကို ဆံတခြည်မျှ ဦးမညွတ်သူ။

သမီးက နိုဘယ်လ်ငြိမ်းချမ်ရေးဆုနဲ့ လူထုခေါင်းဆောင်

ပြည်သူ့ အာဏာ အောင်လံလွှင့်တင်ရန်
ရင်သွေးကို ပစ်ခဲ့ရ
ချစ်လင်ကို စွန့် ခဲ့ရ
စည်းစိမ်ဥစ္စာ ပယ်ခဲ့ရ
ပိတ်ဖယ်။ထောင်။အချုပ်
ပုတ်ခတ်လုပ်ကြံမှုတွေ ခါးစည်းခံ
နှလုံးသွေးနဲ့  လူထုအပူ ငြိမ်းစေလိုသူ။

အဲဒီသူမ ဘာနဲ့ မှ
ထပ်တူပြု နှိုင်းမရ
အာဂအပြုံးနဲ့  စံထားစရာ ပြည့်လျှံ
လောကဓံကို ဦးမော့တွန်းလှန်ရဲခဲ့
မတရားတဲ့ အမိန့် အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြလော့
ရဲရင့်စွာ ဥဒါန်းကျူးစိမ်ခေါ်ပြ
အဇ္ဇျတ္တတရားနဲ့  လူထုအား
ကမ္ဘာ့လူသားများနဲ့ သစ္စာဆိုနေ။

ဒါတွေဟာ ဒဏ္ဍာရီ မဟုတ်---
စတေးမှု အလီလီသီလာတဲ့
ငါတို့  ရဲ့ ဂန္တ၀င်အမွေ
ငါတို့ အားလုံးရဲ့  အမေ
သူရဲကောင်းတို့ ရဲ့  မိခင်
ပြည်သူတွေရဲ့  အလင်းဖန်ဆင်းရှင်။

စစ်မိစ္ဆာ သွေးစုတ်ကောင်တွေက
အမေ့ ဘုန်းတန်ခိုး ညှိုးပြိုခဖို့ 
အမှောင် နှောက်တင်း လှောင်သွင်းချုပ်
အို နာ သေအောင် ညှင်းဆဲလုပ်နေ
အမေ့ အလင်းတွေဟာ
မြူမှုန်မျှပင် မမှိန်မလျော့
လောက မီးရှူးတန်ဆောင်လို တောက်ပ လင်းလက် စူးရှ
ထာဝရ ပွင့်ဝေ မွှေးပျံ့ နေမြဲဟေ့ ၊ ၊

ဒေါင်းနီ

(၂၀၁၀ ဇွန်လ ၁၉ရက်တွင် ကျရောက်သော
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့ 
ဂုဏ်ပြု အမှတ်တရ ကဗျာ)